“သူတို့နှစ်ယောက် ဖုန်းနဲ့ပြိုင်၊ မြေပုံနဲ့ပြိုင်၊ သတင်းနဲ့ပြိုင်၊ ရှာဖွေမှုနဲ့ပြိုင်၊ ပြိုင်ပြီးရင်း ပြိုင်နေကြတယ်” ဟု BCG Partners မှ သုံးသပ်သူ တစ်ဦးက ပြောသည်။ မြေပုံများက မိုဘိုင်းပစ္စည်းများအတွက် အရေးပါလှသည်။ မိုဘိုင်းပစ္စည်းများက တည်နေရာပြ ဝန်ဆောင်မှု လုပ်ငန်းများ အတွက်ရော၊ ကြော်ငြာများ အတွက်ရော အဆင်ပြေသည့် နေရာလေ။ တည်နေရာပြ ဝန်ဆောင်မှု လုပ်ငန်းနှင့် ကြော်ငြာများက ငွေရှာကောင်းသည့် လုပ်ငန်းများဖြစ်သည်။ တကယ်တော့ ဒီနေရာမှာ Google နှင့် Apple တို့နှစ်ယောက်သာ စစ်ခင်းနေသည်ဟု ပြော၍မရ။ Amazon, Nokia, Microsoft, AOL နှင့် Yahoo တို့လည်း ဒီပွဲမှာ ပါနေတာပါပဲ။ “Google လုပ်ထားသလို မိုဘိုင်းဂေဟ စနစ်တစ်ခု
ရှိထားတယ်ဆိုရင် တခြားမိုဘိုင်းဂေဟစနစ် ပိုင်ရှင်တွေက သူတို့လောကမှာရှိတဲ့ အချက်အလက် ရတနာသိုက်ကြီးတွေကို ခင်ဗျားကို ပေးပိုင်မှာ မဟုတ်ဘူး။ နောက်ပြီးတော့ သူတို့ရဲ့သုံးစွဲသူတွေ ဘယ်မှာ ဘာလုပ်နေတယ်ဆိုတဲ့ အကြောင်းကို Apple ကပဲဖြစ်ဖြစ်၊ Amazon ကပဲဖြစ်ဖြစ် Google ကိုပေးသိမှာ မဟုတ်ဘူး” ဟု Lumatic အမှုဆောင်ချုပ်က ပြောသည်။
Lumatic သည် မြို့ကြီးများ၏ မြေပုံအက်ပလီကေးရှင်းများ စီစဉ်ဆောင်ရွက်နေသည့် ကုမ္ပဏီဖြစ်သည်။ iPhone ထွက်လာပြီ ဆိုကတည်းက Google အတွက် ကာလဝိဘက် နောက်ပိုးတက်တော့တာပင်။ တစ်ခုမှ Google အတွက် ကောင်းသည်ဆိုတာ ရှိမလာခဲ့။ Google ၏ Maps မြေပုံဝန်ဆောင်မှု လုပ်ငန်းက မိုဘိုင်းပစ္စည်းများပေါ်တွင် ရှိသည့် ဖုန်းအဆက်အသွယ် အဝင်အထွက် အားလုံး၏ ထက်ဝက်ကျော် နေရာယူထားသည်။ အဆိုပါ မိုဘိုင်းအဆက်အသွယ် အားလုံး၏ ထက်ဝက်နီးပါးကလည်း iPhone သုံးစွဲသူများက ဆောင်ရွက်ခြင်း ဖြစ်သည်။ ထို့ကြောင့် Apple ၏ ယခုလုပ်ရပ်က Google ၏ အမာခံ လုပ်ငန်းဖြစ်သည့် ရှာဖွေမှု Search ၏ ရင်ဝကို တည့်တည် ဆောင့်ကန်လိုက်ခြင်း ဖြစ်သည်။အဘယ့်ကြောင့်ဆိုသော် မိုဘိုင်းရှာဖွေမှု ၄၀ ရာခိုင်နှုန်းခန့်က ဒေသတစ်ခုမှ နေရာ၊ အရာဝတ္ထုများကို ရှာဖွေနေကြတာ ဖြစ်၍ပင်။ “နေရာဒေသ တစ်ခုရဲ့ အကြောင်းကိစ္စတွေဟာ Google အတွက် ကြော်ငြာခ ဒေါ်လာတွင်းကြီးပဲဗျ။ ရှာဖွေမှုကတော့ အဲဒါနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ ကိစ္စပဲ” ဟု Serach Engine Land ဆိုသော နည်းပညာဘလော့ဂ် အယ်ဒီတာ တစ်ဦးက ပြောသည်။ “ခင်ဗျား ကော်ဖီသောက်ချင်လို့ ရှာပြီဆိုပါတော့ ခင်ဗျားဆီကို ကော်ဖီဆိုင်တွေလည်း ရောက်လာမယ်။ ကော်ဖီနဲ့ ဆက်စပ်တဲ့ ကြော်ငြာတွေလည်း ရမယ်” ဟု သူကပြောသည်။
တကယ်တော့ သုံးစွဲသူတွေက ထိုရန်ပွဲနှင့် လားလားမှ မဆိုင်သည့် ဘေးမှရပ်ကြည့် နေသူတွေပါပဲ။ သုံးစွဲသူတွေက ယခုတော့ App Store မှYouTube အက်ပလီကေးရှင်းကို ဒေါင်းလုတ်လုပ်နိုင်ဖို့ တကူးတက အပိုအလုပ်တွေ လုပ်နေကြရပြီ။ ယခုအချိန်အထိ Google ကလည်း မြေပအက်ပလီကေးရှင်းကို ကမ်းလှမ်းတာ မရှိသေးပေ။ Apple ၏ မြေပုံဆိုတာကလည်း အဆင်မပြေတာတွေနှင့်ချည်း ပြည့်၍နေသည်။ ဝါရှင်တန်ပြည်နယ်၊ ပီဂျစ်ဆောင်းဒ် ရေလက်ကြား၊ တာကိုမာနဲရိုးစ် ရေပြင်က ဖြတ်ကျော်ထားသည့် တံတားတစ်စင်း၏ ဓာတ်ပုံဆိုလျှင် ပုံမှန်ပုံမဟုတဘဲ တံတားတစ်စင်းလုံး အပုံလိုက် ပြိုကျနေသည့် ဓာတ်ပုံဖြစ်နေသည်။ သို့သော် Apple မြေပုံများက ကောင်းလာတော့မှာပါ။ ပြိုင်ဆိုင်မှု ပြင်းထန်လာတာကြောင့် မြေပုံကောင်းတွေ ထွက်လာတော့မှာပါဟု သုံးသပ်သူများက ပြောကြသည်။ “ Apple မြေပုံတွေက လူကြည့်များပါတယ်ဆိုမှ အဆင်သင့်ဖြစ်တပုံ မပေါ်သေးဘူး။ ဒါက ဆုံးရှုံးမှု တစ်ခုပါပဲ” ဟု BIA/Kelsey မီဒီယာ သုတေသန ကုမ္ပဏီမှ ပရိုဂရမ်ဒါရိုက်တာ တစ်ဦးက ပြောသည်။ “ဒါပေမယ့် ဒါက ရေရှည်ဖြစ်နေအုံးမယ့် ဆုံးရှုံးမှုလားဆိုတော့၊ အင်း အဲဒီလိုလည်း မဟုတ်သေးဘူး။ လူတိုင်းက မယုံကြည်နိုင်လောက်အောင် အစွမ်းထက်တဲ့ နည်းပညာသစ်တွေ ရှာဖွေဖော်ထုတ်ကြအုံးမှာ ဆိုတော့ သုံးစွဲသူတွေ အတွက်က ကောင်းတာချည်းပဲပေါ့” ဟု သူက ပြောသည်။
တကယ်တော့ iPhone ဖန်သားပြင်ထက်မှာ တိုက်ပွဲမဆင်မီ ကတည်းက Google နှင့် Apple တို့၏ ရန်စောင်ပွဲက အရှိန်တက်လာခဲ့သည်ပင်။ သူတို့နှစ်ဦး ချစ်လို့ ကောင်းနေတုန်းကတော့ မြေပုံများ၊ ရှာဖွေမှုနှင့် YouTube တို့ကဲ့သို့ Google ၏ ဝန်ဆောင်မှုတွေပါသော iPhone ကို နှစ်ဘက် အမှုဆောင်ချုပ် နှစ်ဦးက မင်္ဂလာယူကာ ပူးတွဲမိတ်ဆက်ပေးခဲ့ကြသည် မဟုတ်လား။ သို့သော် သူ၏ကိုယ်ပိုင်မိုဘိုင်း လည်ပတ်ရေးစနစ် Android ကို Google က “ထ” ထုတ်လိုက်ရာမှ အကွဲအပြဲဇာတ်လမ်းက “စ” သည်။ ဒီနောက်မှာတော့ မူပိုင်ခွင့် မှတ်ပုံတင်၊ ကြော်ငြာ၊ အက်ပလီကေးရှင်း စသည့် မိုဘိုင်းကိစ္စ အားလုံးမှာ ကုမ္ပဏီနှစ်ခုစလုံး တစ်ယောက်နှင့် တစ်ယောက် ရန်စောင်နေကြတော့သည်။ ထိုရန်စောင်ပွဲက တရားရုံး ရောက်လာတော့မှ လူတွေ ပိုသိလာကြသည်။ အမှန်က အပြန်အလှန် တရားစွဲကြတာက Google နှင့် Apple တို့တော့ မဟုတ်။ Apple နှင့် Google ၏ Android ဆော့ဖ်ဝဲလ်ကို အသုံးပြုကြသော ဖုန်းထုတ်လုပ်ရေး ကုမ္ပဏီတွေ ဖြစ်သည်။
အနီးစပ်ဆုံး ဥပမာက သောကြာနေ့နှင့် စနေနေ့ (၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၁-၂၂ ရက်) တွင် ဖြစ်ခဲ့သည့် တရားရုံး ဆုံးဖြတ်ချက်ကို ပြင်ဆင်ပေးဖို့၊ ပယ်ဖျက်ပေးဖို့၊ Apple နှင့် Samsung တို့က အသီးသီး စာတင်ခဲ့ကြသည်။ တရားရုံး ဆုံးဖြတ်ချက် ဆိုသည်မှာ မူပိုင်ခွင့် ချိုးဖောက်ခြင်းအတွက် Samsung က Apple ကို ဒေါ်လာတစ်ဘီလျံပေးရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ Apple က ငွေပိုလိုချင်၊ Samsung က အသစ်ပြန်လည် စစ်ဆေးပေးစေချင်သည်။ ထို့ကြောင့် လာမည့် ဒီဇင်ဘာလ ၉ ရက်နေ့တွင် သူတို့နှစ်ယောက် တရားရုံးတွင် တရားဆိုင်ကြရဦးမည်။ စင်စစ် YouTube ကို Apple က စွန့်လွှတ်လိုက်ခြင်းသည် သူ၏ မိတ်ဆွေဟောင်းကြီးနှင့် အဆက်ဖြတ်ဖို့ ကြိုးစားခြင်းပင်။ ဒါပေမဲ့ ထိုကိစ္စက မြေပုံကိစ္စနှင့်တော့ မတူပါလေ။ ဘာကြောင့်လည်း ဆိုတော့ Apple မှာ ဗီဒီယိုဝန်ဆောင်မှုဆို၍ ဟုတ်တိပတ်တိ မရှိသေးသောကြောင့်ပင်။ ထိုအချိန်မျိုးမှာမှ Google ကလည်း YouTube အက်ပလီကေးရှင်း အသစ်ကို ထုတ်လိုက်ပြန်သည်။

မြေပုံများတွင် အမှားအယွင်း ရှိ ၊ မရှိ စသည်တို့နှင့် ပတ်သက်၍ Google က သူတို့ကို အားကိုးနေရသောကြောင့် ဖြစ်သည်။ ပြီးတော့လည်း မြေပုံများအတွက် အက်ပလီကေးရှင်းများ ဖန်တီးပေးနေသော အက်ပလီကေးရှင်း ရေးဆွဲသူ ကုမ္ပဏီများနှင့် ဆက်ဆံရေး ပြတ်တောက်ကုန်မှာလည်း Google က စိုးရိမ်နေသည်။ “Apple ကလည်း ရုတ်ခြည်းဆိုသလို Google ဈေးကွက် ဝေစုခပ်ကြီးကြီး တစ်စိတ်တစ်ပိုင်းကို အပိုင်ယူသွားပြီလေ။ ဒါကို Googleက သူ့ရဲ့ အက်ပလီကေးရှင်း ရေးဆွဲသူ ကုမ္ပဏီတွေကို ဘယ်လိုပြန်ပြောမလဲ” ဟု ကုမ္ပဏီသုံးသပ်သူ တစ်ဦးက ပြောသည်။ ဒါပေမဲ့ Apple ၏ မြေပုံတွေ ကိုးရိုးကားရား ဖြစ်နေတာကို လူတွေက စကားတင်း ဆိုကြသည့်အခါ၊ Google က မိန့်မိန့်ကြီး သဘောကျနေမှာ သေချာနေသည်။ Apple မြေပုံတွေ အဆင်မပြေပုံကတော့ ရာဇဝင်ပါပဲ။ အိန္ဒိယပြည်၊ ဟိုက်ဒရဘတ်မှ ရေကန်တစ်ကန် ပျောက်ဆုံးနေသည်။ မက်ဆာချူးဆက် ပြည်နယ်၊ ကင်းဘရစ်ခ်ျမှ စားသောက်ဆိုင်များကို ကမောက်ကမ ဖြစ်အောင် လုပ်ထားသည်။ ဘာလင်မြို့ကို တောင်ဝင်ရိုးစွန်း၊ အန်တာတိကတိုက်တွင် ပို့ထားသည်။ ထို့ကြောင့် လောလောဆယ်မှာ မည်သည့်ပစ္စည်း၊ မည်သည့် ဘရောက်ဇာ၊ မည်သည့် လည်ပတ်ရေး စနစ်နှင့်မဆို Google Maps ကိုသုံးစွဲနိုင်ရေးက သူ၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်ကြောင်း Google က စောင်းချိတ်ပြောနေကာ Apple မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဖြစ်နေသည်။
ကိုးကား- Net Guide ဂျာနယ်
0 comments:
Post a Comment