Google play store သည် Multimedia content များကို ရောင်းချသည့် Google
၏ online store ဖြစ်သည်။ ဤ store မှ နေ၍ သီချင်း၊ ရုပ်ရှင်၊ ဗီဒီယို၊
ဂိမ်း၊ စာအုပ်နှင့် ဆော့ဖ်ဝဲများကို အခပေး၍ ဝယ်ယူနိုင်သည်။ သို့သော်
အခမဲ့ရသည်တို့လည်း ရှိပါသည်။ သို့ရာတွင် Google play store သို့ ဝင်ရန်
Google play store application ရှိရန်လိုသည်။ ထို application ကို မိမိ၏
tablet သို့မဟုတ် phone ပေါ်တွင် Install လုပ်ထားရန်လည်း လိုပါသည်။
Google play store ၏ အစသည် Google Market ဖြစ်သည်။ ယခင်က ဝယ်ယူထားသော Android tablet များနှင့် Smart phone များပေါ်တွင် Android market application အဟောင်း ရှိကောင်းရှိနေနိုင်ပါသည်။ Google သည် 2008 ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် Android market ကို ကြေညာလျက် online digital store လောကသို့ ဝင်ရောက်လာခဲ့သည်။
သို့ရာတွင် Phone နှင့် Tablet သုံးစွဲသူများ စတင် အသုံးပြုနိုင်သည်မှာ ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင်မှ ဖြစ်ပါသည်။ အခပေး ဆော့ဖ်ဝဲရောင်းချခြင်းကိုမူ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်မှ စတင်နိုင်ခဲ့ပါသည်။ ထိုစဉ်က ဆောဖ့်ဝဲရေးသူ အများစုမှာ အမေရိကန်ပြည်ထောင်စုနှင့် ဂရိတ်ဗြိတိန်မှ ဖြစ်သည်။ သို့သော် ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှစ၍ အခြားသောနိုင်ငံ ၂၉ နိုင်ငံမှ ဆော့ဖ်ဝဲရေးသူများအတွက် လမ်းဖွင့်ပေးခဲ့ပါသည်။
၂၀၁၀ ခုနှစ် ဒီဇင်ဘာလထဲသို့ ရောက်သည့်အခါ Google သည် Android market ၌ content filtering စနစ်ကို ထည့်သွင်းခဲ့သည်။ ထို့ပြင် Android market မှ ဝယ်ယူသော Application များကို မကြိုက်လျှင် ၂၄ -၄၈ နာရီအတွင်း ငွေပြန်းအမ်း ယူနိုင်သော စနစ်အစား ၁၅ မိနစ်အတွင်း ငွေပြန်အမ်းယူနိုင်သည့် စနစ်သို့ ပြောင်းလဲခဲ့ပါသည်။