Wednesday, July 17, 2013

Surface RT ဈေးလျှော့ပြီဆိုတိုင်း ဝယ်သင့်သလား




မကြာသေးမီကပဲ နိုင်ငံတကာ ဈေးကွက်ထဲမှာ Microsoft က ထုတ်တဲ့ Surface RT တက်ဘလက် တွေကို ဈေးလျှော့ချလိုက်ပြီ ဆိုတဲ့ သတင်းတွေ တက်လာပါတယ်။ Surface RT တက်ဘလက် တစ်လုံးကို 32GB ဆိုရင် ၃၄၉ ဒေါ်လာ နဲ့ 64GB ဆိုရင် ၄၉၉ ဒေါ်လာလို့ သတင်းတွေမှာ ဖတ်လိုက် ရပါတယ်။

မြင်ကွင်း ၁၀ ဒသမ ၆ လက်မ တက်ဘလက် တစ်လုံးကို ၃၄၉ ဒေါ်လာ ဆိုတာကတော့ မက်လောက် စရာပါပဲ။ ဒါပေမဲ့ ဝယ်သင့်သလား လို့ မေးရင်တော့ စဉ်းစားပါလို့ ပြန်ဖြေရလိမ့်မယ်။

လက်ရှိ နောက်ဆုံးထုတ် iPad တက်ဘလက် တစ်လုံးဟာ 16GB မော်ဒယ် ဆိုရင် မြင်ကွင်း ၉ ဒသမ ၇ လက်မကို ၄၉၉ ဒေါ်လာလောက် ပေါက်ပါတယ်။ Google ကထုတ်တဲ့ Nexus 10 ကတော့ 16GB ဆိုရင် ၃၉၉ ဒေါ်လာလောက် ရှိတယ်။ နာမည်ကြီးနေတဲ့ အဲဒီ တက်ဘလက် နှစ်လုံး နဲ့ ယှဉ်ရင်တော့ Surface RT ဈေးက မက်လောက်တဲ့ ဈေးလို့ ပြောနိုင် ပါတယ်။


အသေးစိတ် လေ့လာကြည့်ရင် Surface RT မှာ တကယ်တမ်း storage လုပ်ခွင့်ရမှာက 15GB လောက်ပဲ ကျန်မယ်ဆိုတာ ပထမဦးဆုံး ပြောချင် ပါတယ်။ iPad တို့ Nexus 10 တို့ကတော့ 16GB နဲ့ စလာပြီး သူတို့မှာ ဘာကြောင့် storage ပြဿနာ မရှိသလဲ ဆိုတာလည်း စဉ်းစားသင့်တဲ့ အချက်ပါ။ OS ကြောင့်လား၊ application တွေကြောင့်လား ပြန်လည် သုံးသပ်သင့်ပါတယ်။

နောက်တစ်ချက် Surface RT မှာ ဈေးလျှော့တယ်သာ ဆိုတယ် ကီးဘုတ် တွဲမထည့်ပေးဘူးလို့လည်း ပြောထားသေးတယ်။ အမှန်တော့ RT က ကီးဘုတ်နဲ့ cover ပါမှ ပြည့်စုံတာလေ။ ဒါကြောင့် နောက်ထပ် cover နဲ့ ကီးဘုတ်ပါတဲ့ တစ်တွဲ ထပ်ဝယ်ရင် ပိုက်ဆံ ထပ်ကုန်မယ်။

ဒါဆိုရင် ပြောစရာ ရှိတာက iPad မှာလည်း ကီးဘုတ်ပါသလားလို့ မေးစရာ ရှိပါတယ်။ Nexus 10 လည်း ကီးဘုတ် မပါဘူး။ ကီးဘုတ်နဲ့ တွဲထုတ်ထားတဲ့ RT က ကီးဘုတ်ကို ဖြုတ်ပြီး ဈေးလျှော့ရောင်း ပါတယ် ဆိုတာကတော့ မတရားဘူး ထင်ပါတယ်။ Windows OS ကို အခြေခံထားတဲ့ တက်ဘလက် ဖြစ်နေတဲ့အပြင် စထွက်ကတည်းက ကီးဘုတ်လေးနဲ့ တွဲမြင်နေကြတော့ ကီးဘုတ် ဖြုတ်ထားတဲ့ တက်ဘလက်ကို လက်ခံဖို့ ခက်မယ် ထင်တယ်။

Microsoft က Office Home & Student 2013 RT ဆိုပြီး ကျောင်းသားသုံး တစ်မျိုး ထပ်ထုတ်တယ်။ အဲဒီကျောင်းသုံးမှာမှ ကီးဘုတ် မပါရင် လုံးဝ အဓိပ္ပာယ်ရှိမှာ မဟုတ်ပါဘူး။ Touch and Type ဆိုတဲ့ အဲဒီ cover လေး တစ်ခုကို ထပ်ဝယ်ရင် ၁၁၉ ဒသမ ၉၉ ဒေါ်လာနဲ့ ၁၂၉ ဒသမ ၉၉ ဒေါ်လာလောက် ထပ်ပေးရမှာ သေချာတယ်။ ဒီတော့ လျှော့ရောင်းဈေး က ၃၄၉ ဒေါ်လာဆိုပေမယ့် cover ထပ်ပေါင်း ရင် ဒေါ်လာ ၄၇၀ လောက်ပေးမှ ပြည့်စုံနိုင်ပါလိမ့်မယ်။ ဘာထူးသလဲ၊ Microsoft နားလှည့် ပါးရိုက်တဲ့ သဘောဆိုတာ ထင်ရှားနေတာပဲ။

Surface RT မှာ application တွေအနေနဲ့ ဘာတွေ ထူးခြားလို့ storage မှာ ပြည့်နေရတာလည်း ဆိုတာ ပြန်ပြီး သုံးသပ်ကြည့်ဖို့ လိုပါတယ်။ နာမည်ကျော် Kindle, Evernote, Netflix စတဲ့ ဆော့ဖ်ဝဲတွေ အားလုံး ထည့်ထားတာက လွဲပြီး သိပ်ထူးခြားတယ်လို့ မမြင်မိပါဘူး။ OS ကလည်း Windows 8 ဆိုတဲ့ ဘောင်ကို မကျော်နိုင်သေးပါဘူး။ ဒါပေမဲ့ ထူးခြားချက်က Windows Store ဆိုပြီး အွန်လိုင်းကနေ ရယူ သုံးစွဲနိုင်တာတွေရှိပြီး တက်ဘလက်ထဲကို စုပြုံ ထည့်ထားတာကလည်း သိပ်ပြီး သဘောတွေ့ စရာတော့ မဟုတ်ဘူး။ မေလအထိ Windows Store မှာ application ပေါင်း ၆၀၀၀၀ လောက် ရနေပြီလို့ ကြေညာထားတယ်။

Surface RT မှာလည်း အဲဒီ Windows Store နဲ့ ဆက်သွယ်ဖို့ link ပါပေမယ့် တကယ်တမ်း သုံးကြည့် တော့ အဆင်မပြေတာ တွေ့ရတယ်။ အဲဒီလို သုံးနိုင်ဖို့ third-party ဆော့ဖ်ဝဲ တစ်ခုခုတော့ လိုလိမ့်မယ် ထင်တယ်။

Microsoft က ဈေးလျှော့တယ်လို့ ပြောလိုက်ရင် ရောင်းအားတွေ တက်လာ လိမ့်မယ်လို့ ထင်နေပုံ ရပါတယ်။ ပြီးတော့ သူတို့ developer တွေကလည်း အွန်လိုင်း စတိုးကနေ ဈေးကွက်ကြီး တစ်ခု ရအောင် ဆော့ဖ်ဝဲ application တွေကို အများကြီး တီထွင် တင်ပေးထားကြတယ်။ Windows 8 ကတော့ အများဆုံး သုံးနေကြတာဖြစ်လို့ ဆက်ပြီးတော့ အောင်ပွဲခံနေဦး မှာ သေချာပါတယ်။ Surface RT ကတော့ Windows 8 နဲ့ တွဲပြီး လူကြိုက် များအောင် မက်လုံးပေးလိုက်တာပဲရှိပြီး ဟာ့ဒ်ဝဲပိုင်းမှာလည်း ထူးခြားအောင် မစွမ်းဆောင်ပြနိုင်၊ ခုလည်း သုံးစွဲသူကို ဈေးတွေ လျှော့နေပြီဆိုပြီး ကြားကောင်းအောင် မက်လုံးပေး၊ ပြီးတော့ သဘာဝလည်း မကျတဲ့ ကြေညာချက်ကြီး ဖြစ်နေလို့ သဘော မတွေ့မိပါဘူး။
The Voice Weekly

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...