Monday, June 24, 2013

မြန်မာနိုင်ငံအနှံ့ တယ်လီကွန်းကွန်ရက် လွှမ်းခြုံနိုင်ရေး ကမ္ဘာ့ အကျွမ်းကျင်ဆုံး ပညာရှင်များနှင့် တိုင်ပင် ဆောင်ရွက်မည် ဟုဆို

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအား တယ်လီကွန်းကွန်ရက် (Telecom Network) လွှမ်းခြုံနိုင်ရေးအတွက် ကမ္ဘာ့ အကျွမ်းကျင်ဆုံး ပညာရှင်များနှင့် တိုင်ပင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း  ရတနာပုံတယ်လီပို့ ကုမ္ပဏီ လီမိတက်၏ အမှုဆောင်အရာရှိချုပ် ဦးတင်ဝင်းက ပြောသည်။
မြန်မာနိုင်ငံသားအများ ပိုင်ဆိုင်သော တယ်လီကွန်း အော်ပရေတာ လုပ်ငန်းကိစ္စအား ရှင်းလင်း ပြောကြားရာတွင် အထက်ပါ အချက်ကို ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ရတနာပုံတယ်လီပို့ အား တယ်လီကွန်း အော်ပရေတာအဖြစ် တိုးချဲ့ လုပ်ကိုင်သွား မည်ဖြစ်ပြီး မကြာမီ ဝင်ရောက်လာမည့် နိုင်ငံခြား တယ်လီကွန်း အော်ပရေတာများအား ယှဉ်ပြိုင်ပြီး လုပ်ကိုင် ဆောင်ရွက် နိုင်စေ ရန်အတွက် ရည်မှန်းချက် ထားရှိခဲ့သည်ဟု ဆိုသည်။
“မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တောင်တန်းမြေပြန့် တိုင်းရင်းသား အားလုံးမကျန် Telecom Network လွှမ်းခြုံနိုင်ရေး (Universal Service) ကိစ္စရပ်ကို ကမ္ဘာ့အကျွမ်းကျင်ဆုံး ပညာ ရှင်တွေနဲ့ တိုင်ပင် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်” ဟု ဦးတင်ဝင်းက ပြောကြားသည်။ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် (Urban, SubUrban, Rural) ဟူသည့် စည်ပင်ပိုင် မြို့ပြအနေအထား၊ စည် ပင်ပြင်ပ မြို့ပြအနေအထား၊ ကျေးလက် အနေအထား အသီးသီးတို့နှင့် ကိုက်ညီသည့် နည်းပညာများ ရွေးချယ်ရေးကို ဆောင်ရွက် သွားမည်ဟု ဆိုသည်။ လိုင်းအင်အား သတ်မှတ်ရေးနှင့် ဈေး ကွက် အပြိုင်အဆိုင် ဖြစ်ပေါ်လာမည့် နေရာများတွင် မြန်မာနိုင်ငံသားများ ပိုင်သည့် ဈေးကွက်ဝေစုကို ထိန်းသိမ်း ထားနိုင်ရေးနှင့် ဆက်လက် ရရှိလာမည့် ဈေးကွက်ဝေစု ပေါ်တွင် ထပ်မံတိုး ချဲ့ ဆောင်ရွက် သွားနိုင်ရေးကိုလည်း လုပ်ဆောင် သွားမည်ဟု ဆိုသည်။
တယ်လီကွန်း အော်ပရေတာ လုပ်ငန်းဟု ဆိုရာတွင် မိုဘိုင်းတယ်လီဖုန်း တစ်ခုတည်း သာမကဘဲ အခြား လုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည်ဟု သိရသည်။ “တယ်လီကွန်းအော်ပရေတာ လုပ်ငန်း ဆိုတာ ကတော့ Fixed Line၊ ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဆက်သွယ်ရေး လုပ်ငန်း အပါအဝင် ဆက်သွယ်ရေးနှင့် ဆက်စပ် နေတဲ့ လုပ်ငန်းတွေ အားလုံးကို အပြည့်အဝ လုပ်ကိုင်ခွင့် ရရှိမယ့် အနေအထား ဖြစ်ပါတယ်” ဟု ရတနာပုံ တယ်လီပို့ ကုမ္ပဏီ လီမိတက်၏ ဒုတိယဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောသည်။ Broadband လုပ်ငန်း များ၊ Fixed Line တယ်လီဖုန်းလုပ်ငန်း၊ Satellite ဆက်သွယ်ရေးလုပ်ငန်း၊ ဆော့ဖ်ဝဲရေးသား ထုတ်လုပ်သည့် လုပ်ငန်း၊ သုတေသန ဆိုင်ရာ လုပ်ငန်း၊ လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ လုပ်ငန်းများ ဖြစ်ကြောင်း သိရသည်။ Multimedia များနှင့် ပတ်သက်သည့် လုပ်ငန်းများကိုလည်း အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဟု ဆိုသည်။ ရတနာပုံတယ်လီပို့ ကုမ္ပဏီ လီမိတက်မှ မြန်မာ တစ်နိုင်ငံလုံး အနှံ့ ဆက်သွယ်ရေး ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးမည့် အော်ပ ရေတာ လေးခုထဲတွင် တစ်ခု အပါအဝင် ဖြစ်သည်။
Yatanarpon

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...