Monday, June 24, 2013

ဆက်သွယ်ရေး လိုင်စင် လျှောက်ထားသော ကုမ္ပဏီအချို့ သင်တန်းများ ဖွင့်ရန်ပြင်

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းတွင် ဆက်သွယ်ရေး လိုင်စင် လျှောက်ထားသော ပြည်ပကုမ္ပဏီ အချို့က ဝန်ထမ်း ခန့်ထားရန်နှင့် အရည်အသွေး မြှင့်တင်ရန် ရည်ရွယ်၍ ဆက်သွယ်ရေး သင်တန်း ကျောင်းများ ဖွင့်ရန် ပြင်ဆင် နေကြကြောင်း အဆိုပါ ကုမ္ပဏီများထံမှ သိရသည်။
ပြင်သစ် ဆက်သွယ်ရေး ကုမ္ပဏီ Orange Telecom က ယခုနှစ်အတွင်း ဆက်သွယ်ရေး ပညာရပ်ဆိုင်ရာ အကယ်ဒမီ သင်တန်းကျောင်းနှစ်ခု ဖွင့်ရန် စီစဉ်ထားသည်ဟု Orange Telecom မှ အကြီးတန်း အမှုဆောင် ဒုတိယဥက္ကဋ္ဌ Elie Girard က ပြောကြားသည်။ Technical Academy Sales Academy သင်တန်းကျောင်း နှစ်ကျောင်းကို ၂၀၁၃ ခုနှစ်အတွင်း အကောင် အထည် ဖော်ရန် စီစဉ်ထားပြီး ၂၀၁၄ ခုနှစ်တွင် နည်းပညာ တက္ကသိုလ်များနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ် သွားမည်ဟု ၎င်းကဆိုသည်။
ထို့အပြင် နော်ဝေ အခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီ တယ်လီနော် (Telenor)
 ကလည်း မြန်မာ လူငယ်များ အတွက် ဆက်သွယ်ရေးလုပ်ငန်း ကျွမ်းကျင်သင်တန်းကို ယခုလအတွင်း ရန်ကုန်တွင် ဖွင့်လှစ်သွားရန် စီစဉ်ခဲ့ သော်လည်း ယခုအခါ အစီအစဉ်ကို ခေတ္တ ဆိုင်းငံ့ထားသည်။ သို့သော်လည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ တယ်လီနော် ကုမ္ပဏီက ဖွင့်လှစ်ထားသော dtac Academy တွင် မြန်မာလူငယ်များကို ဆက်သွယ်ရေးဆိုင်ရာ ပညာရပ်များ သင်ယူခွင့် ပေးသွားမည်ဟု Telenor ကုမ္ပဏီမှ အာရှဌာန အရာရှိချုပ် Sigve Brekke က ပြောကြားထားသည်။
တယ်လီနော် ကုမ္ပဏီသည် အဆိုပါ သင်တန်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆက်သွယ်ရေး ဆိုင်ရာ အခြေခံ အဆောက်အဦး တည်ဆောက်ရေးနှင့် ကမ္ဘာ့အဆင့်မီ ဆက်သွယ်ရေး ကိရိယာ များကို စနစ်တကျ အသုံးချနိုင်ရေး အတွက် အရည်အသွေးပြည့် ဆက်သွယ်ရေး လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူများ ထွက်ပေါ်လာ စေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
မလေးရှား အခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီ Axiata ကလည်း မြန်မာလူငယ် နှစ်ဦးကို အခမဲ့ ဆက်သွယ်ရေး ပညာသင် ခရီးစဉ် စီစဉ်ပေးထားပြီး မလေးရှားနိုင်ငံတွင် နှစ်ပတ်ကြာ စရိတ်ငြိမ်း ပညာသင် ခရီးစဉ်နှင့် ကွာလာလမ်ပူရှိ Axiata Group ရုံးချုပ်တွင် အလုပ်သင် အနေနှင့် လေးပတ်ကြာ လုပ်ငန်းခွင်ဝင် အစီအစဉ်တို့ စီစဉ်ပေးခဲ့သည်။
“ကျွန်တော်တို့ လုပ်ကိုင်နေတဲ့ နိုင်ငံတိုင်းမှာ ပြည်တွင်းက ဒေသခံ နိုင်ငံသားတွေကို ၉၈ ရာခိုင်နှုန်းလောက် အထိ နေရာပေး လုပ်ကိုင်စေပါတယ်။ ဒေသခံကျောင်းတွေ၊ တက္ကသိုလ်တွေနဲ့ ပူးပေါင်းပြီး အရည် အသွေးမြှင့် တင်ရေး လုပ်ငန်းတွေလည်း ဆောင်ရွက်ပါတယ်။ ဒီမှာ လုပ်ခွင့်ရရင်လည်း ဒီလိုပဲ ဖြစ်မှာပါ” ဟု Axiata မှ ဈေးကွက် ရှာဖွေရေး မန်နေဂျာ Mr.Andy က ဆိုသည်။
ထို့အပြင် အခြားကုမ္ပဏီ အချို့ကလည်း ထုတ်ဖော် ကြေညာခြင်း မရှိသော်လည်း သင်တန်း အစီအစဉ်များ ပေးအပ်ရန် စီစဉ်မှုများ ရှိနေသည်။ “ဒီလို သင်တန်းတွေကတော့ တကယ် လိုအပ်တာပဲလေ။ သူတို့တွေ လိုင်စင် ရသွားရင် ဝန်ထမ်း ခန့်အပ်ဖို့အတွက် သေချာပေါက် သင်တန်းတွေ ပေးရမှာပဲ”ဟု မြန်မာ့ ဆက်သွယ် ရေးလုပ်ငန်းမှ အငြိမ်းစား အရာရှိဟောင်း ဦးသိန်းဦးက ဆိုသည်။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက တင်ဒါ ခေါ်ယူထားသော ဆက်သွယ်ရေး လုပ်ငန်း လိုင်စင် နှစ်နေရာကို ပြည်တွင်း ပြည်ပမှ ဆက်သွယ်ရေး ကုမ္ပဏီ ၁၁ ခု ဝင်ရောက် ယှဉ်ပြိုင် လျှောက်ထားပြီး ယခုလ ၂၇ ရက်နေ့ တွင် လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိမည့် ကုမ္ပဏီနှစ်ခုကို တရားဝင် ကြေညာမည် ဖြစ်သည်။           
The.Voice Weekly

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...